.... အားလုံးအတွက် မဟုတ်ခဲ့ရင်တောင် တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် နွေးထွေးတဲ့ ကောင်းကင်ငယ်လေး ဖြစ်ပါရစေ ....

Monday, March 14, 2011

မင်းအတွက်

အလွမ်းအဆွေးကောင်မလေးရေ....
တကယ်တော့..
ငါဟာ...
နေတတ်သလို မနေတတ်ခဲ့တဲ့မြို့ပါ...

ဘူတာရုံဆိုတဲ့ ဝေါဟာရကို ကောင်းကောင်းနားမလည်ခဲ့သလို
အချစ်ဆိုတဲ့ အရာတစ်ခုကို ဖမ်းဆုပ်ကိုင်တွယ်လို့ ရမယ်လို့ ထင်ခဲ့တဲ့
ခပ်ညံ့ညံ့လူသားတစ်ယောက်ပါ...

ဒီနေ့ထိ...
အဝေးကဥသြသံကြားတိုင်း
ရင်ခုန်နှုန်းတွေ မြန်လာတာ ဘာကြောင့်လဲ...
အဲဒီ့ ဥသြသံတွေကပဲ တို့နှစ်ယောက်ကို
ဝေကွာသွားစေခဲ့တာပဲမဟုတ်လား...

ခုတော့...
ထပ်ခိုးနဲ့ ကြမ်းပြင်ထက်မှာ
ဖုန်အလိမ်းလိမ်းတက်နေတဲ့
ဘူတာရုံဟောင်းလေးထဲမှာ
ရုံပိုင်မရှိ...
လက်မှတ်ရောင်းသူမရှိ...
ခရီးသည်မရှိ..
တိတ်ဆိတ်ငြိမ်သက်

အဲဒီ့...ဘူတာရုံဟောင်းလေးထဲမှာ
ငါတစ်ယောက်တည်း
ဥသြသံတွေကိုနားစွင့်
ရင်ခုန်လှိုက်မောတတ်ခဲ့တာ
သုံးနှစ်သုံးမိုးတောင် မကတော့ပါဘူး...

နင်ရှိနေခဲ့တုန်းက
ပြောခဲ့တဲ့ ဟာသအပိုင်းအစတွေ...
ပြောခဲ့တဲ့ ပုံပြင်အစမ်းအပြားတွေ...
ကြားခဲ့တဲ့ စကားလုံးချိုချိုတွေကို စားသုံးရင်...
နင်ရှိနေတုန်းက အချိန်မှန် မြည်တတ်တဲ့
ဥသြသံတွေကို
ငါ...ခုချိန်ထိ
နားစွင့်နေတုန်းပဲ...

နင့်ကိုလွမ်းတဲ့ အလွမ်းအဆွေးတွေဟာ
ငါ့အတွက် အာဟာရတွေပါပဲ...
အဲဒီ့ထက်ပိုတဲ့ အာဟာရမျိုးကိုလည်း
ငါမလိုချင်ဘူး...

ငါဘယ်လောက် နင့်ကို ချစ်ခဲ့တယ်ဆိုတာ
စကားလုံးတွေနဲ့ မပြောတတ်ခဲ့တဲ့အတွက်
ငါနောင်တမရပါဘူး...

ဘယ်အချိန်ရောက်မှ
ဘူတာရုံဟောင်းလေးဆီ
နင်ပြန်ရောက်လာမယ်မသိပေမယ့်
နင့်ကို သိပ်ချစ်ခဲ့တဲ့ကောင်လေးတစ်ယောက်ရဲ့
စကားလုံးမပါတဲ့ ချစ်ခြင်းကို
သူမြို့ကလေးက ပြန်ပြောပြတဲ့အချိန်မှာ
နင်ငါ့ကို သတိတရရှိခဲ့မယ်ဆိုရင်
ငါကျေနပ်ပါတယ်...

အဲဒီ့အချိန်မှာ
ငါ့အုတ်ဂူလေးအပေါ်
နင့်မျက်ရည်လေးတစ်စက်လောက်
ချွေချပေးခဲ့ပါ...
နင်ပြန်လာတဲ့ တစ်ချိန်မှာပေါ့...


0 မှတ်ချက်: