ချစ်သောညီမလေး
ဒီစာကို ဖတ်နေရတဲ့ အချိန်ဟာ ညီမလေးအတွက် ကြည်လင် အေးချမ်းတဲ့ နေ့ကလေးတစ်နေ့ဖြစ်ပါစေ…။
တစ်ခါတရံမှာ ခန္ဓာကိုယ်အတွင်းက တင်းကြပ်မှုတွေအကုန်လျှော့ချပြီး
ဦးနှောက်ကိုဗလာထားလို့ ခပ်ငြိမ်ငြိမ်နေခဲ့ဖူးပါသလား။ လက်ရှိဖြစ်ပေါ်နေတဲ့
အခက်အခဲတွေ၊ အရှုံးတွေ၊ အတားအဆီးတွေ၊
စိတ်ခံစားမှုတွေ…ဒါတွေအားလုံးအဝေးဆုံးကို လွှင့်ပစ်ပြီး
“ငါအခုဘယ်လိုခံစားနေရသလဲ” လို့ ညီမလေး တွေးကြည့်ဖူးခဲ့ပါသလား။
မျက်ရည်တစ်စက်ကျပြီးတိုင်း ပါးပြင်ပေါ်က မျက်ရည်ကိုခပ်ကြမ်ကြမ်းသုတ်ဖယ်ပြီး
ဟာသပြက်လုံးတစ်ခုအပေါ် စိတ်လွတ်လက်လွတ် ရယ်ခဲ့ဖူးပါသလား။ ဒါတွေအားလုံး
မလုပ်သေးဖူးဘူးဆိုရင် တစ်ခါလောက်တော့ တိုက်ဆိုင်မှုတွေ ကြုံလာရင်
လုပ်ကြည့်လိုက်ပါ။ ပြီးရင် ဘယ်လိုဖြစ်သလဲ မမကိုတော့ပြန်ပြောလှည့်ပါ ညီမလေး။
ညီမလေးရေ…………….
တကယ်လို့များ တစ်ယောက်က ညီမလေးကို ဒီလိုမေးလာခဲ့မယ်ဆိုပါစို့။
“ဘ၀ကို အသစ်တစ်ဖန်ပြန်နေရမယ်ဆိုရင် ဘာတွေလုပ်မလဲ”
ညီမလေး ဘာတွေဖြေမလဲ ?။
မမ ကိုတော့ မေးသူရှိခဲ့ရင် ဒါလေးတွေ ဖြေဖြစ်မယ်ထင်တယ်။
မလိုအပ်ဘဲ လမ်းမသွားဘူး။ သွားရမယ်ဆိုရင် သွားရမယ့်ကိစ္စက အများအတွက်
အကျိုးရှိမလား…ဒါဆိုရင်သွားမယ်။ စကားနည်းနည်းပဲ ပြောမယ်။
သူများပြောတာတွေ များများနားထောင်မယ်။ လူတစ်ဦးတစ်ယောက်အပေါ် မဟုတ်ဘဲ
လူအများအပေါ်ချစ်တတ်လာအောင် ကြိုးစားမယ်။ ကိုယ့်အနားကို
အိမ်မွေးတိရစ္ဆာန်တစ်ကောင် ပွတ်သီးပွတ်သပ်လာလုပ်ရင် အရင်လိုမောင်းမထုတ်ဘဲ
ပွေ့ချီနိုင်အောင် ကြိုးစားမယ်။ အဖေနဲ့ အမေကို နေ့တိုင်း ဂရုစိုက်မယ်။
ဝမ်းနည်းစရာရှိ အံကြိတ်ပြီး မနေတော့ဘူး..စိတ်လွတ်လက်လွတ်
ငိုကြွေးပစ်မယ်…။အရာရာ ကိုယ့်အမှားလို့ မခံယူတော့ဘူး..ကာလ၊ ဒေသ၊
အခြေအနေတို့အပေါ် မူတည်ပြီး ဖြစ်ချိန်တန်ဖြစ်…ပျက်ချိန်တန်ပျက်တာပဲလို့
မှတ်ယူမယ်….။
ရယ်စရာမကောင်းဘူးလား ညီမလေး…။တစ်ခါတရံလူတွေရဲ့ အလိုဆန္ဒတွေက
ရယ်စရာကောင်းတယ်။ အခုညီမလေး အသက် ၂၀ ကျော်ခဲ့ပြီ။
နောက်ပြန်လှည့်ကြည့်တော့ အရှုံးတွေတွေ့ရသလား၊ အမုန်းတွေတွေ့ရသလား၊
ဥပေက္ခာတွေတွေ့ရသလား၊ အပြုံးတွေတွေ့ရသလား၊ မောပန်းမှုတွေတွေ့ရသလား၊
ရယ်စရာတွေတွေ့ရသလား၊ ကြည်နှုးမှုတွေတွေ့ရသလား…………………။
အားလုံး ပူလောင်စရာတွေပဲလို့ ညီမလေးမဖြေလိုက်ပါနဲ့။ တကယ်တော့ ပူလောင်စရာတွေကော…အေးမြတာတွေကော ညီမလေးရရှိခဲ့တာ အသေအချာပါပဲ…။
အဲဒါ ဘ၀ပါပဲ ညီမလေး…။
ညီမလေးရေ……………
ဘ၀တစ်ခုထဲမှာ မိသားစုရယ်လို့ ဖြစ်တည်လာကြတာ၊ ချစ်သူရယ်လို့ပေါ်ပေါက်လာကြတာ၊
အိမ်ထောင်ဖက်ရယ်လို့ ဆုံတွေ့လာကြတာ၊ မိတ်ဆွေသူငယ်ချင်းရယ်လို့ သံယောဇဉ်တွေ
ခိုင်မြဲလာကြတာ တကယ်တော့ ဟိုးးး အတိတ်က ဘ၀အသီးသီးက
သူ့အကြွေး..ကိုယ့်အကြွေး…အကြွေးကိုယ်စီဆပ်နေကြတာပါပဲကွယ်။
မုန်းတလှည့်…ပြုံးတလှည့်..သံသရာက မာယာများတဲ့နောက်တော့
အစက်အပျောက်ဘ၀ဆိုတာလေးမှာ မာယာတွေကြွယ် အရောင်ခြယ်နေကြတာ
အဆန်းတကြယ်မဟုတ်ခဲ့ပါဘူး ညီမလေးရယ်။
ညီမလေးရေ………
စာဆိုတော်“ ရာဘင်ဒြာနတ်တဂိုး” က ဆိုခဲ့ဖူးတယ်။
တစ်ခါလောက်ရှုံးခဲ့ရလို့ ငိုကြွေးရပြီဆိုရင် သူ့စကားလေးကို ညီမလေး ခပ်တိုးတိုးရေရွတ်ကြည့်လိုက်ပါ။
“နေမင်းနှင့် လွဲရသည့်အတွက် မျက်ရည်ကျနေပါလျှင် ကြယ်တာရာများနှင့်လည်း သင်လွဲရပေဦးမည်”
တစ်ခါလောက်ပျော်ရွှင်ရပြီဆိုရင် သူ့စကားလေးကို ခပ်တိုးတိုးရေရွတ်ကြည့်လိုက်ပါ။
“ပန်းတစ်ပွင့်ကို ခူးပြီးလျှင် ရပ်မနေပါနှင့်..ရှေ့သို့ဆက်သွားလျှင် ထို့ထက်လှသော၊ မွှေးသော ပန်းခင်းကြီးကို သင်တွေ့ရပေလိမ့်ဦးမည်”
ဒီစကားတွေရဲ့ အဓိပ္ပာယ်အတိမ်အနက်ကို ညီမလေး သိရှိနားလည်နိုင်မှာပါ။
ဘယ်အရာမဆို၊ ဘယ်ပန်းတိုင်မဆို၊ လောကကြီးမှာ အပြီးသတ် အဆုံးအဖြတ်ပေးမယ့်
အရာကစိတ်ဓာတ်ပါပဲ ညီမလေး၊ လူတွေအပေါ် နားလည်မှုတွေ၊ မေတ္တာတွေပေးရင်း
လူတွေနဲ့ လူတွေနဲ့ တဖြေးဖြေးဝေးကွာနေပြီလို့ ညီမလေးခံစားနေရပါသလား။
အခက်အခဲတွေ၊ ထိုးနှက်မှုတွေ၊ အထင်လွဲတာတွေ…..ဘာလို့ငါ့ကို
အဆက်မပြတ်ဖြစ်နေရလဲလို့ ညီမလေးငိုကြွေးနေရပါသလား..။ဒါဆိုရင် ညီမလေးမှာ
လိုအပ်တာတစ်ခုကို မမပြောပြမယ်။ ညီမလေး ဥပေက္ခာ ဆိုတဲ့စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို အသေအချာနားလည်ဖို့၊ ရင်ထဲကိန်းအောင်းဖို့ လိုလိမ့်မယ်။
ဆိုပါတော..ညီမလေး..အလွယ်ကူဆုံး ဥပမာတစ်ခု ပြောပြပါမယ်။
အလှူခံတစ်ယောက်ကို ညီမလေဒ ၂၀၀ တန်တစ်ရွက်လှူလိုက်တယ်ဆိုပါတော့…။သူက ဒီလိုပြန်ပြောမယ်ဆိုပါစို့…။
“ဟာ..ပိုက်ဆံကို အစုတ်ကြီးလာပေးတယ်”
“ကပ်စေးနည်းလိုက်တာ ၂၀၀ တဲ့”
“မပေးချင် ပေးချင်လာမပေးနဲ့”
အထက်ပါစကားတွေထဲက ဆင်ဆင်တူတဲ့ စကားမျိုး လက်ခံရရှိခဲ့ရင် ညီမလေး ရင်ထဲ ဘယ်လိုခံစားသွားရသလဲ မမကို ဖြေကြည့်စမ်းပါ..။
(၁)ဖြစ်ရလေ…စေတနာနဲ့လည်း လှူရသေးတယ်
(၂)စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ၊ ငါပေးသော အလှူဒါနသည် သူ့အတွက် အထောက်အပံ့ဖြစ်ပါစေ
ဒါမှ မဟုတ် သူကဒီလိုပြန်ပြောတယ်ဆိုပါစို့။
“အမလေး စိတ်ကောင်းရှိလိုက်တဲ့ ကောင်မလေး၊ အလိုဆန္ဒပြည့်စုံပါစေ”
စသဖြင့် ကိုယ့်ကို ကျေနပ်ချီးမွမ်းအားရသော စကားမျိုး ပြောခဲ့ရင် ညီမလေး ရင်ထဲဘယ်လိုဘယ်လိုခံစားသွားရသလဲ မမကို ဖြေကြည့်စမ်းပါ..။
(၁)ငါ့ကို စိတ်ကောင်းရှိတယ်ပြောတယ်..၀မ်းသာလိုက်တာ..လှူရတာကြည်နူးလိုက်တာ

အထက်ပါ တုံ့ပြန်မှုဆန့်ကျင်ဘက်နှစ်ခုမှာ နံပါတ်(၂) အဖြေကိုပဲ တသမတ်တည်း ဖြေနိုင်ပြီဆိုရင် ဥပေက္ခာဆိုတဲ့ သဘောတရားကို ညီမလေး နားလည်သဘောပေါက်လောက်ပါပြီ။
လူတိုင်းအပေါ် မေတ္တာထားနိုင်ပါတယ်..။
သို့သော် စိတ်ခံစားမှုနဲ့ ယှဉ်သော မေတ္တာထက် ဥပေက္ခာနဲ့ ယှဉ်သော မေတ္တာမျိုး ထားရှိနိုင်အောင် ညီမလေး ကြိုးစားပါ။
ကြွေးဟောင်းဆပ်နိုင်အောင် ကြိုးစားပါ…မငြိုငြင်မိပါစေနဲ့။ လောကအလယ်မှာ
ကိုယ့်ကိုကိုယ်သင့်တင့်လျောက်ပတ်တဲ့နေထိုင်မှုနဲ့ မတ်မတ်ရပ်တည်နိုင်အောင်
ကြိုးစားပါ။ အများအတွက် (သို့) တစ်ဦးတစ်ယောက်အတွက် ကိုယ့်ဘ၀ကိုယ်
အနစ်မွန်းခံတဲ့ သူရဲကောင်းဆန်ဆန်ရူးသွပ်မှုတွေထဲ ညီမလေးမပါဝင်ပါစေနဲ့။
ငိုကြွေးစရာရှိရင် ရဲရဲရင့်ရင့်ငိုကြွေးပါ။ ရယ်မောစရာရှိ
လွတ်လွတ်လပ်လပ်ရယ်မောပစ်ပါ။ လောကကြီးမှာ ဘယ်သူတွေက ဘာကြောင့်
ဘယ်လိုဖြစ်နေရသလဲ ဆိုတာတွေထက် ကိုယ်လုပ်သင့်တယ်လို့ခံယူထားတဲ့အရာတွေကို
ပုံမှန်ဆောင်ရွက်သွားပါ။ အရာရာဟာ ကံစီမံတဲ့အတိုင်း ဖြစ်တတ်ကြတာကိုလည်း
လက်ခံပါ။ထူးပြီးလည် ဆုံးရှုးနေကြတာမရှိသလို….ထူးပြီးလည်း
ကံကောင်းနေကြတာမဟုတ်ပါဘူး ညီမလေး။ကမ္ဘာကြီးဟာ Green House ဖြစ်နေသလို
လူ့လောကကြီးဟာလည်း Green House တစ်ခုပါပဲ…။ဒီဘောင်ရဲ့ အပြင်ဘက်ကို
ကျော်လွန်သွားတာ ဘာတစ်ခုမှ မရှိပါဘူး ညီမလေး..။
ချစ်သော ညီမလေး
ဒီစာကို ဖတ်ပြီးရင် ညီမလေးခေါင်းထဲ အသိတစ်ခု လက်ကနဲ ဖြစ်လိုက်တယ်ဆိုရင်ပဲ အဝေးက ပြုံးဖြစ်နေမှာပါ…။
မေတ္တာဖြင့်…
မူရင်းပို့စ် ==> HeRe

0 မှတ်ချက်:
Post a Comment